မိဘတွေမှာ ကိုယ့်ကလေးကိုယ် အမှန်တိုင်းမြင်တတ်ဖို့ သိပ်အရေးကြီးတာပဲ။ အများအားဖြင့် ကိုယ့်ကလေးကိုယ် ရှိတာထက်ချီးမွမ်းနေတာဖြစ်ဖြစ်၊ ရှိတာထက်နှိမ့်ချလို့ဖြစ်ဖြစ် လူရှေ့ပြောထုတ်တတ်ကြတယ်။ မိဘကိုးနော်။ ချစ်တာကိုး။ ဒါမှမဟုတ် ဆန်ရင်းနာနာဖွတ်ချင်တာကိုး။
အရမ်းချစ်တဲ့အခါ သတိထားစေချင်တာက ကိုယ့်ကလေးကို Developmental Milestones နဲ့ အမြဲတိုက်စစ်စေချင်တာပါပဲ။ (My Recommended Link & App – https://www.cdc.gov/ncbddd/actearly/milestones/index.html) ကလေးတစ်ယောက်ဟာ သူ့အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ Development တွေ ရှိကိုရှိရပါမယ်။
လမ်းလျှောက်သင့်တဲ့အချိန်မှာ လျှောက်ရမယ်၊ ကိုယ့်နာမည်ခေါ်တာကို သိသင့်တဲ့အရွယ်မှာ သိရမယ်။ စကားပြောနိုင်တဲ့အရွယ်မှာ ပြောရမယ်။ မပြောဘူးဆိုရင် စိတ်ပူရပါမယ်နော်။ ဆရာဝန်ပြရပါမယ်။ Delay ရိုးရိုးပဲလား Special Needs လား ကွဲကွဲပြားပြားသိအောင် မိဘကအားစိုက်လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ Special Needs ကလေးတွေက Genius လေးတွေ ဖြစ်နိုင်ပါတယ်။
သူတို့ကို “မှန်ကန်တဲ့ သင်ကြားနည်းစနစ်”သာ “စောစောစီးစီး”ပြပေးနိုင်ရင် သူတို့ဘာသာရပ်တည်နေနိုင်ပါတယ်။ Typical Children တွေနဲ့တူတူ ကျောင်းတက်နိုင်ပါတယ်။ မိဘဖြစ်ရတာ မလွယ်ဘူးနော်။ စာအများကြီး ဖတ်ဖို့လိုတယ်။ ကိုယ့်ကလေးကိုယ် အမှန်အတိုင်း မြင်တတ်ဖို့လည်း သိပ်လိုတယ်။ ဒါမှ ကလေးကို အမှန်တကယ်ချစ်ရာရောက်ပါတယ်။