ဒီနေရာမှာ Private School Year 3 တက်မယ့်သားတစ်ယောက်ရှိတဲ့ Full Time အလုပ်လုပ်တဲ့အမေတစ်ယောက်အနေနဲ့ ပြင်ဆင်တာတွေပဲ ရေးပေးသွားမှာပါ။
၁) စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု
ကျမတို့မဖြစ်ချင်တဲ့၊ ကြိုလည်းမသိခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာကိုဗစ်ရောဂါဖြစ်လာတယ်။ ဒါကဖြစ်ပြီးသွားပြီ။ ပြင်လို့လည်းမရတော့ဘူး။ သင်္ချာလိုပြောရင် ဒါကပေးချက်ပါ။ မေးချက်က ဘယ်လိုဆက်သင်မှာလဲပေါ့။ ဆုံးဖြတ်ချက်က မိဘတစ်ဦးချင်းစီပေါ်ပဲ မူတည်မှာပါ။ ကျမကတော့ ဒီအချိန်မှာ Adaptability ကောင်းဖို့လိုတယ်လို့ပဲမြင်ပါတယ်။ ကိုဗစ်ဖြစ်လို့ ကျောင်းတစ်နှစ်အောက်ရတာထက်စာရင် Online Learning နဲ့စထားပြီး ကျောင်းပြန်ဖွင့်တဲ့အချိန်ပြန်တက်ရတာကိုပဲ ကြိုက်ပါတယ်။ ဆိုတော့ ကျမကတော့ Online Learning ကို ငါသင်နိုင်တယ်။ ရအောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ကို အရင်မွေးပါတယ်။ ပြီးတော့ အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထားဖို့ ကြိုးစားပါတယ် (တကယ်ပြောရရင်တော့ တော်မီက Khan Academy တက်နေတာမို့ ကျမအတွက် သိပ်အခက်အခဲမရှိပါ)
၂) နည်းပညာပိုင်းဆိုင်ရာပြင်ဆင်မှု
Online Learning ဖြစ်တဲ့အတွက် နည်းပညာပိုင်းလိုအပ်ချက်တွေ ကျမအားဖြည့်ပါတယ်။ ဥပမာ – Zoom ဆိုလည်းသုံးတတ်အောင်၊ Google Classroom ဆိုလည်းလုပ်နိုင်အောင်ပေါ့။ အင်တာနက်ကအစ လိုင်းအငြိမ်ဆုံး Fiber Broadbrand ကိုဝယ်မယ်။ TV နဲ့ချိတ်တတ်အောင် လုပ်တယ်။
၃) သင်ရိုးပိုင်းဆိုင်ရာပြင်ဆင်မှု
Edexcel နဲ့သွားတယ်ဆိုရင် English, Maths, Science သင်ရပါမယ်။ English ကတော့ သူ့လယ်ဗယ်နဲ့ကိုက်ညီတဲ့ Story ဖတ်ပြတာ၊ ပြန်ဆွေးနွေးတာ၊ သူနားလည်သလိုပြန်ရေးခိုင်းတာမျိုး လုပ်နိုင်ပါတယ်။ Maths ကတော့ ကျောင်းကသင်တဲ့အတိုင်း ပံ့ပိုးပေးမယ်။ အင်တာနက်မှာဖတ်ကြည့်ရသလောက် Year 3 Science ခေါင်းစဉ်လေးတွေကို ဆွေးနွေးတာမျိုး လုပ်ပါတယ်။ ဥပမာ – အလင်းအကြောင်း၊ အလင်းထိုးတဲ့အခါ အရိပ်အရွယ်အစားအမျိုးမျိုးပြောင်းလဲနိုင်တဲ့အကြောင်း (ဒီနေရာမှာ ဉာဏ်ကြီးရှင်မဂ္ဂဇင်းပုံမှန်ဖတ်သူတွေအနေနဲ့ဆို ဒီသင်ခန်းစာတွေ စမ်းဖူးကြပြီးပြီ)
၄) စာသင်ချိန်ပုံမှန်ထားရှိမှု
Online Learning နဲ့သွားတော့မယ်ဆိုရင် ကလေးကို ဘယ်အချိန်မှာတော့ စာသင်မယ်ဆိုပြီး သတ်သတ်မှတ်မှတ်ကျင့်ပေးလုပ်ပေးဖို့ လိုပါတယ်။ အဲဒါမှ ကလေးကလည်း တကယ်စာသင်နေတာပါလားဆိုတဲ့အသိဝင်မှာပါ။ ကလေးကိုလည်း ပြုပြင်ပြောင်းလဲနိုင်ဖို့ ကျင့်ယူပေးရမှာပါ။
Covid ကပ်ကြီးလည်း အမြန်ပြီးဆုံးပြီး ကလေးတိုင်းကျန်းမာပျော်ရွှင်ကြပါစေလို့ လေးလေးနက်နက်ဆုတောင်းပါတယ်။